အေးတဲ့ရာသီမှာ အဖြစ်များတဲ့ ထိပ်ကပ်နာ
မြန်မာလို ထိပ်ကပ်နာလို့ ခေါ်လေ့ရှိတဲ့ Sinusitis ဟာ အေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ပါးရိုးတွေနဲ့ နဖူးရဲ့နောက်ဖက်မှာ Sinus လို့ခေါ်တဲ့ လေအခေါင်းပေါက်လေးတွေ ရှိပါတယ်။ အဲဒီ Sinuses လေးတွေ ပိုးဝင်ပြီး ယောင်တာကို ထိပ်ကပ်နာလို့ ခေါ်တာပါ။
အများအားဖြင့် အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ထိပ်ကပ်နာ ဖြစ်လေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့…
- ပါး၊ နဖူးနဲ့ မျက်လုံးတဝိုက်မှာ နာကျင်ပြီး ယောင်ရမ်းနေတာ
- နှာခေါင်းပိတ်တာ
- အနံမရတာ သို့မဟုတ် အနံနံနေတာ
- အဝါရောင်၊ အစိမ်းရောင် နှပ်တွေထွက်တာ
- မျက်ရိုးနဲ့ ခေါင်းကိုက်တာ
- သွားကိုက်တာ
- အဖျားတက်တာနဲ့
ကလေးငယ်တွေမှာဆိုရင်…
- နို့မစို့တာ
- အစာကျွေးမရတာ
- ပါးစပ်နဲ့အသက်ရှူနေတာ (နှာခေါင်းပိတ်နေလို့)
- ဂျီကျတာ၊ ငိုတာတွေ ဖြစ်နိုင်ပါတယ်။
ကုသဖို့အတွက် ရောဂါလက္ခဏာ မပြင်းထန်ရင်…
- အိမ်မှာပဲ အနားယူပါ။
- အရည်များများ သောက်ပါ။
- ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်ပါ။
- ဓာတ်မတည့်နိုင်တာတွေ ရှောင်ပါ (ပန်းဝတ်မှုန်၊ ဖုန်စသည်)။
- ဆေးလိပ်မသောက်ပါနဲ့။
- နှာခေါင်းကို ဆားရည်နဲ့ဆေးတာက နှာခေါင်းပိတ်တာကို သက်သာစေပါတယ် (Saline ပုလင်းဝယ်ပြီး ဆေးနိုင်ပါတယ်)။
ရောဂါလက္ခဏာ ပိုဆိုးလာရင် သိုမဟုတ် တစ်ပတ်ကျော်လို့မှ မသက်သာရင်…
- နှာခေါင်းဖျန်းဆေး (Decongestant Nasal Spray) သုံးတာ (၆ နှစ်အောက်ကလေးတွေမှာ မသုံးရပါ)
- အယောင်ကျအောင် Steroid ပါတဲ့ နှာခေါင်းဖျန်းဆေး၊ အစက်ချဆေးသုံးတာ
- Antihistamine ဆေးသောက်တာ (ဘာမီတွန်၊ Citrizine စသည်)
- ပိုးသတ်ဆေးသောက်သုံးတာတွေ လိုအပ်လာပြီမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၃ လ လောက်အထိ ရောဂါလက္ခဏာတွေ မသက်သာရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ တိုင်ပင်ပြီး Functional Endoscopic Sinus Surgery (FESS) လို့ခေါ်တဲ့ ခွဲစိတ်မှုကို မေ့ဆေးပေးပြီး လုပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
Healtppy ရဲ့ fan လေးတွေလည်း အေးတဲ့ရာသီတွေမှာ နွေးနွေးထွေးထွေး နေကြခြင်းဖြင့် ထိပ်ကပ်နာရောဂါဘေးမှ ကင်းဝေးကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်